လာမယ့် ဆောင်းရာသီမှာ အသားအရေကို ထိန်းသိမ်းနည်းများ
မကြာခင်မှာ အေးမြပြီး ခြောက်သွေ့တဲ့ လေတွေတိုက်တဲ့ ဆောင်းရာသီကို ရောက်လာပါတော့မယ်။ ဆောင်းနဲ့အတူ အရေပြားပြဿနာတွေ ဖြစ်တဲ့ အသားအရေခြောက်သွေ့တာ၊ အသားပတ်ပြီး ယားယံတာ၊ နီရဲတာတွေလည်း အတူပါလာမှာပါ။
ဒါကြောင့် ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့အက်ကွဲတာတွေ မဖြစ်အောင် ဘာတွေလုပ်သင့်သလဲဆိုတာ ပြောပြပေးပါမယ်နော်။
(1) အခန်းအပူချိန်ကို သတိထား ထိန်းသိမ်းပါ
ကိုယ်နေတဲ့ နေရပ်အပေါ်မူတည်ပြီး အရမ်းအေးတာမျိုး ဖြစ်မနေအောင် သတိထားရပါမယ်။ Heater တပ်တာ၊ မီးဖိုထားတာ စသဖြင့် နွေးထွေးအောင် လုပ်လို့ရတဲ့နည်းတွေကို ပြင်ဆင်ထားပါ။ မအေးလွန်း၊ မပူလွန်းဘဲ အခန်းရဲ့အပူချိန်က 68-75 ဒီဂရီဖာရင်ဟိုက် ( 20-23 ဒီဂရီစင်တီဂရိတ်) အတွင်း ရှိရင် အကောင်းဆုံးပါပဲ။
(2) အစိုဓာတ်ထိန်းစက် (humidifier) ဝယ်ဖို့ မနှမျောပါနဲ့
ဆောင်းတွင်းမှာ တိုက်တဲ့လေတွေက ရေငွေ့ပါဝင်မှုနည်းပြီး အေးလည်းအေး၊ ခြောက်လည်းခြောက်သွေ့ပါတယ်။ Humidifier တွေက အခန်းတွင်း၊ အိမ်တွင်းလေထုကို ရေငွေ့ပါဝင်ပြီး စိုစွတ်အောင် ပြုလုပ်ပေးကာ အသားအရေကို ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ပေးပါတယ်။ စိုထိုင်းဆပမာဏ 30-50 ရာခိုင်နှုန်းအတွင်း ထိန်းသိမ်းထားနိုင်ရင် အကောင်းဆုံးပါ။
(3) ရေချိုးတဲ့အခါ၊ လက်ဆေးတဲ့အခါ ရေပူသုံးခြင်း လျှော့ချပါ
ရာသီဥတုက အေးတဲ့အခါ ရေနွေးနွေးလေး၊ ရေပူပူလေးနဲ့ ချိုးချင်၊ ဆေးချင်တာ သဘာဝပါပဲ။ ရေပူတွေအသုံးပြုတဲ့အခါ ခဏတာနွေးထွေးသွားပေမယ့် အသားအရေကို ပိုမိုပြီးခြောက်သွေ့ပျက်စီးစေပါတယ်။ ရေသုံးပြီးတဲ့နောက် အရေပြားတွေ နီရဲလာတာ၊ ယားယံလာတာ၊ အဖတ်တွေကွာလာတာတွေက ရေရဲ့အပူချိန်ကို ထပ်မံလျှော့ချဖို့ သတိပေးနေတာပါ။ ရေပူသုံးတာနဲ့ ဆောင်းတွင်းရဲ့ လေပူတွေက နှင်းခူလို ရောဂါတွေကိုလည်း ဖြစ်စေပါတယ်။
(4) ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုကို ပြုပါ
အသားအရေကို ပိုမိုခြောက်သွေ့စေတဲ့ alcohol နဲ့ အနံ့ပါတဲ့ skin care တွေကို ရှောင်ပါ။ AHA နဲ့ retinoid ပါတဲ့ skin care တွေကလည်း အသားအရေကို ခြောက်သွေ့စေပြီး အရေပြားရောင်ရမ်းနာတွေ ဖြစ်စေလို့ ရှောင်သင့်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ ခရင်မ်နဲ့ အဆီပါတဲ့ skin care တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဘယ်အသားအရေပိုင်ရှင်မျိုးမဆို မျက်နှာသာမက လက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။
(5) အနံ့မပါတဲ့ cleanser တွေ သုံးစွဲပါ
ဆပ်ပြာခဲတွေဟာ အသားအရေကို ခြောက်သွေ့စေပြီး အရေပြားပေါ်က သဘာဝအဆီနဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ဖယ်ရှားပစ်လို့ ဆောင်းတွင်းမှာ မသုံးသင့်ပါဘူး။ အစိုဓာတ်ထိန်းပေးတဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာဂျယ်လ်တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
(6) အစိုဓာတ်ထိန်းခရင်မ် မပျက်မကွက်လိမ်းပါ
လက်ဆေးပြီးတိုင်း၊ ရေချိုးပြီးတိုင်း ဖြစ်နိုင်ရင် ခန္ဓာကိုယ်တစ်ခုလုံးကို အစိုဓာတ်ထိန်းခရင်မ် လိမ်းဖို့ သတိထားပါ။
(7) နေရောင်ကာခရင်မ်လိမ်းပါ
ဆောင်းတွင်းရဲ့ နေရောင်ခြည်က ပူပြင်းပါတယ်။ နေရောက်ကာခရင်မ်က ရာသီတိုင်းမှာ မပျက်မကွက် လိမ်းသင့်တဲ့အရာပါ။ နေရောင်ကာခရင်မ် လိမ်းခြင်းဖြင့် အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။
(8) သက်တောင့်သက်သာရှိပြီး အသားအရေကို လှုံ့ဆော်မှုမရှိတဲ့ အဝတ်အထည်တွေ ရွေးပါ
ထူထဲပြီး ကြမ်းတမ်းတဲ့ အဝတ်တွေ၊ သိုးမွှေးယုန်မွှေးအင်္ကျီတွေက အသားအရေထိခိုက်စေပြီး ဓာတ်မတည့်လို့ ယားယံတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ပျော့ပြောင်းနွေးထွေးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်၊ ပိုးထည်တွေ ရွေးချယ်ဝတ်ဆင်ပါ။
(9) အသားအရေကို စိုပြေစေတဲ့ အစားအစာတွေ စားပါ
အပြင်ကပဲ ထိန်းသိမ်းနေလို့ မရပါဘူး။ ခန္ဓာကိုယ်အတွင်းကနေလည်း ရေဓာတ်ပြည့်ဝအောင်၊ အသားအရေစိုပြေအောင် လုပ်ရပါမယ်။ ရေများများသောက်တာ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေသောက်တာ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားတာက အသားအရေလှပဖို့ အထောက်အကူပြုမှာပါ။
(10) ကိုယ်လက်လှုပ်ရှားပါ
ချမ်းလို့ ကွေးနေတာမျိုးမလုပ်ဘဲ လမ်းလျှောက်တာ၊ အားကစားပုံမှန် လုပ်တာမျိုးက ချွေးထွက်စေပြီး အရေပြားရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးမှာပါ။
ဒီအချက်တွေကို တတ်နိုင်သမျှလိုက်နာရင် အသားအရေပြဿနာတွေကြောင့် စိတ်ညစ်စရာ မလိုဘဲ ဆောင်းတွင်းကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်